Skip to main content

နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြား

နေပြည်တော် အောက်တိုဘာ ၁၄

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များကို ဝန်ထမ်းများ စနစ်တကျ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနတွင်း  ဝန်ထမ်းခန့်ထားရေးနှင့် ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာကိစ္စများအား ပြန်လည်သုံးသပ်၍ လိုအပ်ချက်များနှင့်အညီ လူမှန်နေရာမှန် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများအနေဖြင့် လက်အောက်ဝန်ထမ်းများနှင့် မကြာခဏတွေ့ဆုံ၍ ကြုံတွေ့နေသော အခက်အခဲများကို အခါအခွင့်သင့်သလိုမေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ဌာနတွင်း လုပ်ငန်းခွင်မပြတ် ကျွမ်းကျင်မှုသင်တန်းများ၊ ဥပဒေဆိုင်ရာအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချစေလိုကြောင်း၊ ဝန်ထမ်းရေးရာကိစ္စများတွင် လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စများကို တိုးမြှင့်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ဟင်းသီးဟင်းရွက်များ၊ သီးပင်စားပင်များစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ နိုင်ငံခြားပညာတော်သင်များစေလွှတ်ရာတွင် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် လုပ်ငန်းတာဝန်နှင့်ကိုက်ညီသည့် ဝန်ထမ်းများကိုသာ တာဝန်ပေးစေလွှတ်စေလိုကြောင်း မှာကြားခဲ့ပါသည်။

ယင်းနောက် ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ပြီး အခမ်းအနားကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခွန်အယူခံခုံအဖွဲ့ရုံး ဝန်ထမ်းသက်သာဆိုင်အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်း၊ အမှုထမ်း (၂၃)ဦး၊ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တရားရင်ဆိုင်ခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့မှ အရာထမ်း၊ အမှုထမ်း (၃၁)ဦး၊ အခွန်အယူခံခုံအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်း (၇၂)ဦး စုစုပေါင်း (၁၂၆)ဦး တက်ရောက်ခဲ့ပါသည်။

aa

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

bb

cc

dd

ပြည်ထောင်စုဝန်ကြီးထံ ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြစဉ်

ee

ပြည်ထောင်စုဝန်ကြီးထံ ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြစဉ်

ff

ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များပေးအပ်စဉ်

gg

ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များပေးအပ်စဉ်

hh

ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်

ii

ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်

News
Published Date
22-10-2026