အခွန်အယူခံခုံအဖွဲ့ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
နေပြည်တော် ဇွန် ၁၉
အခွန်အယူခံခုံအဖွဲ့ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ နေ့လယ် (၁၃:၀၀)နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာအရာထမ်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်ကောင်စီ အပါအဝင် ဌာနနှင့် အဖွဲ့အစည်း (၁၃)ခုတို့မှ တာဝန်ရှိသူများက တက်ရောက်သည်။
အဆိုပါအစည်းအဝေးတွင် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ အခွန်အယူခံခုံအဖွဲ့ ဥပဒေအား ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၂၃/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ရာ ဥပဒေပုဒ်မ ၄၂ ပါ ဝန်ကြီးဌာန၏အမည်နှင့်စပ်လျဉ်း၍ ပြင်ဆင်ရန် လိုအပ်သည့်အပြင် ဥပဒေပါပြဋ္ဌာန်းချက်အချို့နှင့်စပ်လျဉ်း၍ အဓိပ္ပာယ် ပိုမိုပြည့်စုံစေရေး၊ ဥပဒေနှင့် နည်းဥပဒေတို့တွင် ပြဋ္ဌာန်းချက်များ ညီညွတ်စေရေး၊ ခုံအဖွဲ့၏ လုပ်ပိုင်ခွင့်တာဝန်ပေးအပ်ခြင်းဆိုင်ရာများတွင် ပိုမိုပြည့်စုံစေရေးတို့အတွက် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့် အဆိုပါ ပြင်ဆင်မည့် ဥပဒေနှင့် ညီညွတ်မှု ရှိစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်မည့် (မူကြမ်း) တို့အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ တောင်းခံရရှိထားပြီးဖြစ်၍ ယခု ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များအရ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းသည်။
- Log in to post comments