အဓိကအကြောင်းအရာသို့ သွားမည်

ပြည်တွင်းအခွန်များဦးစီးဌာနမှ အဆင့်မြင့်အရာထမ်းများအား ဖိတ်ကြား၍အသိပညာ ဗဟုသုတမျှဝေခြင်းအစီအစဉ် (Knowledge Sharing Program ) ကျင်းပခဲ့

     အခွန်အယူခံခုံအဖွဲ့၏ အသိပညာ ဗဟုသုတမျှဝေခြင်းအစီအစဉ် Knowledge Sharing Program (KSP) ကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ အခွန်အယူခံခုံအဖွဲ့ရုံး ရတနာခန်းမ၌ (၇-၁-၂၀၂၁) ရက်နေ့ မွန်းလွဲ (၂:၀၀ နာရီ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းတင်နှင့် အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးသန်းဇော်ဝင်း နှင့် ဒေါ်မြမြဦး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးသိန်းဇော်၊ ဒေါ်ဆွေဆွေခိုင် နှင့် ဦးကျော်လွင်ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဌာနမှူးဖြစ်သည့် ညွှန်ကြားရေးမှူး ဦးတက်ထွဋ်အောင်က အခွန်ထမ်းကိုယ်တိုင် အခွန် စည်းကြပ်သည့် စနစ်အရ အခွန်စည်းကြပ်မှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဗီဒီယိုဆက်သွယ်မှုစနစ် (Video Conferencing) ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးမေးမြန်း ချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၊ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး အခွန်ဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားကို ညနေ (၅:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

     ဤ KSP သည် အခွန်အယူခံခုံအဖွဲ့ ဖွဲ့စည်းပြီးနောက် ဒုတိယအကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် အစီအစဉ်ဖြစ်ပြီး ပထမအကြိမ် KSP ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာထမ်း များအား ဖိတ်ကြား၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အနာဂတ်တွင်လည်း အခွန်အယူခံ ခုံအဖွဲ့သည် အခွန်ဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအား KSP တွင် ပါဝင်ဆွေးနွေးပေးနိုင်ရေး ဖိတ်ကြားသွားမည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်

News
Published Date
07-01-2021